အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators – AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Events

အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators – AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကို ၁၄-၁၀-၂၀၂၅ (အင်္ဂါနေ့)၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြားပြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးသိန်းဆွေ က အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ အစီအစဉ်နှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါ သည်။ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်းမှလည်း အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှတာဝန်ရှိသူများနှင့် ကုမ္ပဏီ လုပ်ငန်းရှင်များ စုစုပေါင်း (၁၅၂) ဦး တက်ရောက်ခဲ့ပါသည်။ အကောက်ခွန်ဦးစီးဌာနမှ AEO (Level-1) ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသော ကုမ္ပဏီများဖြစ်သည့် Wilmar Myanmar Riceland Limited (ကုန်တင်ပို့သူ)၊ Wilmar Myanmar Edible Oils Limited (ကုန်တင်သွင်းသူ) နှင့် UPG Paint & Coating Co., Ltd (ကုန်တင်သွင်းသူ) တို့အား စည်းကမ်းလိုက်နာမှုအတွက် အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (အဆင့်-၁) AEO (Level-1) အဖြစ်လည်းကောင်း၊ AEO (Level-2) ဆိုင်ရာ စံသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသော ကုမ္ပဏီများဖြစ်သည့် Shwe Wah Yaung Agriculture Production Co., Ltd (ကုန်တင်ပို့သူ) နှင့် Proven Technology Industry Co., Ltd (ကုန်တင်သွင်းသူ ) တို့ အား စည်းကမ်းလိုက်နာမှုနှင့် နိုင်ငံတကာကုန်သွယ်မှု ကွင်းဆက်လုံခြုံရေး အစီအမံကောင်းမွန်မှု အတွက် အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (အဆင့်-၂) AEO (Level-2) အဖြစ်လည်းကောင်း အသိအမှတ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်းသိရသည်။