အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း အကောက်ခွန်ထိန်းချုပ်မှုဖြင့် နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) နိုင်ငံများ၏ နယ်မြေကိုဖြတ်ကျော်၍ ကုန်စည်များရွှေ့ပြောင်းရာတွင် လွယ်ကူချောမွေ့ စေရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း လုပ်ငန်းစဉ်များအား တစ်ပြေးညီဖြစ်စေရေးတို့ အတွက် အာဆီယံအကောက်ခွန်ဖြတ်သန်းသယ်ဆောင်မှုစနစ် (ASEAN Customs Transit System – ACTS) အား အဖွဲ့ဝင်နိုင်ငံများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ACTS ဆော့ဖ်ဝဲလ်အား အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်စေရေး ဥရောပသမဂ္ဂ၏ ကူညီထောက်ပံ့မှု အစီအစဉ် (ASEAN Regional Integration Support from the European Union – EU ARISE Plus) မှ ပံ့ပိုးကူညီပေးခဲ့ပါသည်။
မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ်နိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂) ရက်မှစတင်၍ ACTS စနစ်အား ဝင်ရောက်အသုံးပြုနိုင်ခဲ့ပြီး ဘော်နီယို ကျွန်းဆွယ်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ACTS စနစ် အသုံးပြုနိုင်ရေးအတွက် ဘက်စုံသယ်ယူပို့ဆောင်ရေး (Multimodal Transport) ဆိုင်ရာ လေ့လာ ဆန်းစစ်မှုများ ဆောင်ရွက်လျက်ရှိပါသည်။
အာဆီယံ၏ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအား ACTS Live Operation ဝင်ရောက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် တစ်ခုအပါအဝင် ဖြစ်သည့်အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် EU ARISE Plus တို့မှ ACTS ဆော့ဖ်ဝဲလ် ထည့်သွင်းခြင်းလုပ်ငန်းစဉ်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ ACTS စနစ်ဝင်ရောက်အသုံးပြုနိုင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများနှင့် ACTS ကြေညာလွှာနမူနာများအား စနစ်မှတစ်ဆင့် စမ်းသပ်လဲလှယ်ခြင်းကို ၁၉-၂-၂၀၂၄ ရက်မှ ၂၃-၂-၂၀၂၄ ရက်အထိ အောင်မြင်စွာစမ်းသပ်ဆောင်ရွက်နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံကုန်တင်ယာဉ်များ နယ်စပ်ဖြတ်ကျော်ဖြတ်သန်းခွင့် ပါမစ် (ASEAN Goods Vehicle Cross-Border Permit – AGVCBP) နှင့် ဘဏ်အာမခံထားရှိမှုကို အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးသော်လည်း အာဆီယံ၏ ဦးစားပေးလုပ်ငန်းစဉ်နှင့်အညီ ACTS စနစ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်စေရေး ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ACTS စနစ်အား ဝင်ရောက်အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံ၏ ACTS အသုံးပြုသည့် ဝက်ဘ်ဆိုက်တွင် ကြေညာထားပြီးဖြစ်ပါသည်။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ACTS စနစ်အား လက်တွေ့အကောင်အထည်ဖော် နိုင်ရေးအတွက် အာဆီယံကုန်တင်ယာဉ်များနယ်စပ်ဖြတ်ကျော်ဖြတ်သန်းခွင့်ပါမစ် (ASEAN Goods Vehicle Cross-Border Permit – AGVCBP) ထုတ်ပေးခြင်း၊ ဘဏ်အာမခံစနစ်အကောင် အထည်ဖော်ခြင်း၊ ACTS စနစ်ဖြင့် ဖြတ်သန်းသယ်ဆောင်မှုတွင်ပါဝင်သော အာဆီယံအဖွဲ့ဝင်နိုင်ငံ များအား အကျုံးဝင်သည့်အာမခံလက်မှတ်ထုတ်ပေးခြင်းစသည့်ကိစ္စရပ်များအား သက်ဆိုင်ရာဌာန များဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ မြန်မာ့အာမခံလုပ်ငန်းတို့နှင့် ဆက်လက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
အကောက်ခွန်ဦးစီးဌာန
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန