အကောက်ခွန်ဦးစီးဌာန၊ ကာကွယ်ရေးဌာနခွဲ၏ ကြေညာချက်အမှတ် ( ၁ / ၂၀၂၄ )

နောက်ဆုံးထုတ်ပြန်ချက်များ

၁။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) ၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်( Trade Facilitation Agreement – TFA) ၏ Article 7.8: Expedited Shipment ပါ ပြဌာန်းချက်အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လေကြောင်းဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာနိုင်ငံများ၏ တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်ကိုက်ညီပါက အလျင်အမြန် ရှင်းလင်းထုတ်ယူခွင့်ပြုရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂။ အဆိုပါ Article အား အကောက်ခွန်ဦးစီးဌာနက အကောင်အထည်ဖော်သည့်အနေဖြင့် Express Consignment (အလျင်အမြန် ပေးပို့ ထုတ်ယူလိုသည့်ကုန်စည်) များနှင့်ပတ်သက်၍ Express Consignment များ မရောက်ရှိမီနှင့် ရောက်ရှိချိန်တွင် လိုအပ်သည့် အကောက်ခွန် လုပ်ငန်းစဉ်များအား လျင်မြန်စွာဆောင်ရွက်ပေးနိုင်ရေးအတွက် ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၅/၂၀၀၀) ဖြင့်လည်းကောင်း၊ လေကြောင်းမှ တစ်ဆင့်တင်သွင်းလာသည့် ကုန်စည်များအပေါ် အခွန်အခများကင်းလွတ်ခွင့်ပြုနိုင်သည့် အနိမ့်ဆုံးတန်ဖိုးပမာဏတစ်ရပ် (De-minimis value threshold) အဖြစ် တင်သွင်းမှုတစ်ခုချင်း၏ စုစုပေါင်းတန်ဖိုးပမာဏ USD 50 အထိ ကင်းလွတ်ခွင့်ပြုခြင်းအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၁၇) ဖြင့်လည်းကောင်း ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါသည်။
၃။ ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ သတင်းလွှာအမှတ် (၅/၂၀၁၃) အရ ပြည်ပမှ တင်သွင်းလာသော နမူနာပစ္စည်းများနှင့် ကြော်ငြာပစ္စည်းများ၏ တန်ဖိုးအမေရိကန်ဒေါ်လာ(၅၀၀)အောက်ပစ္စည်းများအား လိုင်စင်/ ပါမစ် ထောက်ခံချက် မလိုအပ်ဘဲ ထုတ်ယူခွင့်ရရှိမည်ဖြစ်သော်လည်း၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းအဖွဲ့အောက်ရှိ အဖွဲ့ဝင်ဌာနအသီးသီး၏ သဘောထားမှတ်ချက်များအရ ကုန်ပစ္စည်းများရောက်ရှိချိန်တွင် လျင်မြန်စွာရှင်းလင်းထုတ်ယူနိုင်ရေး အဆိုပါဌာနများမှ ထောက်ခံချက်လိုအပ် သောပစ္စည်းများစာရင်းအား ပေးပို့ခဲ့ပါသည်။
၄။ သို့ဖြစ်ပါ၍ နောက်ဆက်တွဲဇယားပါပစ္စည်းများတင်သွင်းလာပါက သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ကြိုတင်ရယူထားခြင်း အားဖြင့် လုပ်ငန်းများလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအား အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ကာကွယ်ရေးဌာနခွဲ