အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်သည့် မြေပြင်ကွင်းဆင်း ပူးပေါင်းအကဲဖြတ် အတည်ပြုခြင်း (Joint Validation) ဆောင်ရွက်ခြင်း အခမ်းအနား

Events

အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်သည့် မြေပြင်ကွင်းဆင်း ပူးပေါင်း အကဲဖြတ် အတည်ပြုခြင်း (Joint Validation) ကို မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၌ လက်ခံကျင်းပနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သော (၃၄) ကြိမ်မြောက် အာဆီယံအကောက်ခွန်ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေးတွင် ဆွေးနွေးသဘောတူခဲ့ကြပါသည်။
အာဆီယံနိုင်ငံများအတွင်း အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူဆိုင်ရာ အပြန်အလှန်အသိအမှတ်ပြုခြင်းအစီအစဉ် (ASEAN Authorized Economic Operator Mutual Recognition Arrangement-AAMRA) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်သည့် မြေပြင် ကွင်းဆင်း ပူးပေါင်းအကဲဖြတ် အတည်ပြုခြင်း (Joint Validation) ကို အခြားအာဆီယံနိုင်ငံများ နည်းတူ မြန်မာနိုင်ငံတွင်လည်း ၆-၁၁-၂၀၂၅ ရက်နေ့နှင့် ၇-၁၁-၂၀၂၅ ရက်နေ့တို့တွင် လက်ခံကျင်းပခဲ့ပါသည်။
Joint Validation ကို မြန်မာနိုင်ငံမှ အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူ (Authorized Economic Operator- AEO) အဖြစ် အသိအမှတ်ပြုထားသော ကုမ္ပဏီများဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်ရှိ UPG Paint & Coating Co.,Ltd နှင့် သီလဝါဖွံ့ဖြိုးတိုးတက်ရေးဇုန်ရှိ Wilmar Myanmar Riceland Limited တို့တွင် မြန်မာ့အကောက်ခွန်နှင့် အာဆီယံနိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူ နိုင်ငံတို့မှ အကောက်ခွန်ကိုယ်စားလှယ်များပါဝင်သောအဖွဲ့တို့က မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်း ပူးပေါင်းအကဲဖြတ် အတည်ပြုခြင်း ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအဖြစ် အသိအမှတ်ပြုထားသည့် လုပ်ငန်းစဉ်များသည် WCO Guideline များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်းရှိ မရှိ နှင့် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွင်းဆက်လုံခြုံရေး အစီအမံများကို ကျင့်သုံးဆောင်ရွက် ထားခြင်းရှိ မရှိ စသည့် အစီအမံများကို စိစစ်အကဲဖြတ်ခြင်းဖြစ်ပါသည်။
မြန်မာ့အကောက်ခွန်အနေဖြင့် မြေပြင်ကွင်းဆင်း ပူးပေါင်းအကဲဖြတ် အတည်ပြုခြင်း (Joint Validation) ကို အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်သဖြင့် အာဆီယံနိုင်ငံများအတွင်း အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူဆိုင်ရာ အပြန်အလှန်အသိအမှတ်ပြုခြင်း အစီအစဉ် (AAMRA) ကို လာမည့် ဒီဇင်ဘာလတွင် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။
အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များအား ကြိုဆိုသောအားဖြင့် ၆-၁၁-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်လမ်းပေါ်ရှိ CHATRIUM HOTEL ၌ Welcome Dinner အား ကျင်းပခဲ့ပါသည်။ ညစာစားပွဲအခမ်းအနားတွင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များအား ကြိုဆိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
Joint Validation ဆောင်ရွက်ပြီးဖြစ်သည့် ကုမ္ပဏီ (၂)ခုအား AEO ဆိုင်ရာ စံ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ ပူးပေါင်းအကဲဖြတ် သုံးသပ်ခြင်း (Joint Assessment) ကို ၇-၁၁-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ပူးပေါင်းအကဲဖြတ် အတည်ပြုချက်အရ မြန်မာနိုင်ငံ၏ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူဆိုင်ရာ လုပ်ငန်းစဉ်များသည် WCO SAFE Framework တွင် ဖော်ပြထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်းနှင့် မြေပြင် ကွင်းဆင်း ပူးပေါင်းအကဲဖြတ် အတည်ပြုခဲ့သည့် UPG Paint & Coating Co.,Ltd နှင့် Wilmar Myanmar Riceland Limited တို့သည် အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (အဆင့်-၁) အသိအမှတ်ပြု ကုမ္ပဏီများဖြစ်သော်လည်း လုပ်ငန်းထိန်းချုပ်မှုစနစ်များနှင့် လုပ်ထုံးလုပ်နည်းများမှာ WCO SAFE Framework နှင့်အညီ ဆောင်ရွက်ထားရှိမှုကို စိစစ်တွေ့ရှိရပါသဖြင့် အဆိုပါ ကုမ္ပဏီ (၂) ခု၏ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (အဆင့်-၁) သက်တမ်း (၆) လ ပြည့်ချိန်တွင် ကုမ္ပဏီများ၏လျှောက်ထားချက်အရ မြန်မာ့အကောက်ခွန်ဦးစီးဌာနမှ ကျေနပ်လက်ခံမှုရှိလျှင် အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (အဆင့်-၂) အဖြစ် အလားအလာရှိသည့် ကုမ္ပဏီများဖြစ်ကြောင်း သုံးသပ်ခဲ့ပါသည်။
ထို့နောက် မြေပြင်ကွင်းဆင်း ပူးပေါင်းအကဲဖြတ်အတည်ပြုအဖွဲ့မှ မြန်မာနိုင်ငံ၏ အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူဆိုင်ရာ လုပ်ငန်းစဉ်သည် အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူဆိုင်ရာ ဆန်းစစ်မေးခွန်းလွှာအား ပိုမိုရှင်းလင်းစေရန် ဆောင်ရွက်ရန်မှအပ WCO SAFE Framework နှင့် ကိုက်ညီမှုရှိပါကြောင်း သုံးသပ်ခဲ့ပါသည်။