အကောက်ခွန်ဦးစီးဌာန၏ MACCS Online Payment System အား ပုဂ္ဂလိကဘဏ် (၆) ဘဏ်ဖြင့် အသုံးပြုကြောင်းကြေညာခြင်းအခမ်းအနား

Events

ရန်ကုန်တိုင်းဒေသကြီး၊ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)ရှိ ဇေယျာသီဟအစည်းအဝေးခန်းမ၌ ၆-၄-၂၀၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် “MACCS Online Payment System အား ပုဂ္ဂလိကဘဏ် (၆)ဘဏ်ဖြင့် အသုံးပြုကြောင်း ကြေညာခြင်း” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဘဏ်များ အသင်း၊ ဧရာဝတီဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်၊ သမဝါယမဘဏ်လီမိတက်၊ ဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်နှင့် ရိုးမဘဏ်လီမိတက် တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြား ရာတွင် “မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များ ကျယ်ပြန့်စွာနှင့် လုံခြုံစွာအသုံးပြုလာနိုင်စေရန်၊ ပြည်သူများအားလုံးမှ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု များကို အသုံးပြုလာနိုင်စေရန်နှင့် ခေတ်မီဒီဂျစ်တယ်နည်းပညာများ အသုံးပြု၍ ပိုမိုတိုးတက်အောင် အရှိန်မြှင့်တင်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” ထည့်သွင်းပြောကြား ခဲ့သည်။ ဆက်လက်၍ ပုဂ္ဂလိကဘဏ်(၆)ဘဏ်ကိုယ်စား ဧရာဝတီဘဏ်လီမိတက်မှ စနစ်ဆောင်ရွက် ခဲ့မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် MACCS Online Payment System အကောင် အထည်ဖော် ဆောင်ရွက်ခဲ့မှုမှတ်တမ်းအား ပြသ၍ ပုဂ္ဂလိကဘဏ်(၆)ဘဏ်ဖြင့် MACCS Online Payment System အား MACCS စနစ်အသုံးပြုသော ဒေသများတွင် အသုံးပြုကြောင်း ကြေညာခဲ့ သည်။ ထို့နောက် အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို နံနက် ၁၀:၅၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။