အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators-AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Events
1
2
3
4
5
6

အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators-AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကို ၂၀-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီတွင်  ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအစီအစဉ်နှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေနှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ် လုပ်သူများအသင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မောင်ဦးတို့က အဖွင့်အမှာ စကားပြောကြားခဲ့သည်။

အခမ်းအနားတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ စုစုပေါင်း (၁၃၇) ဦး တက်ရောက်ကြသည်။

AEO Program ကို ကမ္ဘာ့အကောက်ခွန်အဖွဲ့ (WCO) မှ ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေးနှင့် လုံခြုံမှုရှိစေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ လုံခြုံမှုမူဘောင် (Safe Framework of Standard)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးဆိုင်ရာ သဘောတူညီချက် (WTO Trade Facilitation Agreement) ၏ Article 7.7 နှင့် အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူညီချက် (ASEAN Trade in Goods Agreement-ATIGA) သဘောတူညီချက် Article (59) တို့အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ AEO Program ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် AEO Program ကို နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ (၃၀-၃-၂၀၁၈) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၁၈) ကို ထုတ်ပြန်ပြဌာန်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

AEO ဆိုင်ရာ လုပ်ထုံးလုပ်နည်း၏ အကျိုးခံစားခွင့်အပိုင်းတွင် အကောက်ခွန်ဦးစီးဌာန ၏ အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခံရခြင်းဟုလည်းကောင်း၊ အသိအမှတ်ပြုခြင်းအပိုင်းတွင် AEO အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရမည်ဟုလည်းကောင်း ဖော်ပြပါရှိသဖြင့် ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့၌ AEO အဖြစ် အသိအမှတ်ပြုခံရသည့် Proven Technology Industry Co.,Ltd (ကုန်တင်သွင်းသူ)အား ယခုကဲ့သို့ အသိအမှတ်ပြုလက်မှတ်ချီးမြှင့်သည့် အခမ်းအနား ကျင်းပဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

AEO စံသတ်မှတ်ချက်များ

AEO အဖြစ် လျှောက်ထားလိုသူများသည် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားရန် လိုအပ် ကြောင်း၊ ကုမ္ပဏီအနေနှင့် အနည်းဆုံးသက်တမ်း(၃)နှစ်ရှိရန် လိုအပ်ကြောင်း၊ အကောက်ခွန် ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို အမြဲလိုက်နာမှုရှိရန်လိုအပ် ကြောင်း၊ ကုမ္ပဏီ၏ တရားဝင်ဘဏ္ဍာရေး ရှင်းတမ်းနှင့် အစီရင်ခံစာများကို နှစ်စဉ်ထုတ်ပြန် ထားရန် လိုအပ်ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်၊ ငွေစာရင်းဆိုင်ရာ အချက်အလက်များကို (၇)နှစ်အထိ ထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ ကုမ္ပဏီ အတွင်း၌ Internal Control ကောင်းမွန်ရမည့်အပြင် အကောက်ခွန်ဦးစီးဌာနက လက်ခံနိုင်သည့် အမှားအယွင်းနည်းပါးသော ထိန်းသိမ်းမှုစနစ်ကောင်းရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ပေးဆောင်ရန်ရှိသည့် အခွန်အရပ်ရပ်ကိုလည်း အချိန်နှင့်တပြေးညီ မှန်မှန်ကန်ကန် ပေးဆောင်ထားရန် လိုအပ်ကြောင်း၊ ဘဏ္ဍာရေးပိုင်းတွင် ငွေကြေးဆိုင်ရာ တောင့်တင်းခိုင်မာ မှု ရှိရမည်ဖြစ်ကြောင်း၊ (၃)နှစ်အတွင်း အကောက်ခွန်ဥပဒေနှင့်ဆက်စပ် ဥပဒေများအရ ပြစ်မှု ပြစ်ဒဏ် ကျခံရမှုမရှိရန်လိုအပ်ကြောင်း၊ အမည်ပျက် (Black List) သွင်းခံရခြင်း မရှိရန် လိုအပ်ကြောင်း၊ စီးပွားရေးဆိုင်ရာမသမာမှု ကျော်ဇောသတင်းမရှိရန်လိုအပ်ကြောင်း၊ လိုအပ်သည့်အချိန်တွင် ကြည်ရှုစစ်ဆေးရန် အကြောင်းကြားလာမည်ဆိုပါက မည်သည့်နေရာ မဆို စစ်ဆေးခံနိုင်ရမည်ဖြစ်ကြောင်း စသည့်စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် International Trade Supply Chain Security ဆိုင်ရာ လုံခြုံရေးအစီအမံများကိုလည်း ဆောင်ရွက်ထားရန်လိုအပ်ကြောင်း သိရသည်။

AEO အခွင့်အရေးများ

AEO အဖြစ် အသိအမှတ်ပြုခံရသည့်ကုမ္ပဏီသည် အကောက်ခွန်ကြေညာလွှာကို ဦးစားပေးဆောင်ရွက်ခွင့်ရရှိခြင်း၊ ကြိုတင်ကြေညာလွှာ တင်သွင်းခွင့်ရရှိခြင်း၊ ဆုံးရှုံးနိုင်ခြေ ကိစ္စမှလွဲ၍ Green Channel ရရှိခြင်း၊ ဦးစားပေး စစ်ဆေးခွင့်ရရှိခြင်း၊ အကောက်ခွန်ဦးစီး ဌာနမှ ခွင့်ပြုထားသောနေရာ သို့မဟုတ် ကုမ္ပဏီ၏ ပရဝုဏ်တွင် စစ်ဆေးခွင့်ရရှိခြင်း၊ ဆိုင်းငံ့ အခွန် တစ်လရရှိခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ AEO ဌာနစုသို့ မေးမြန်းနိုင်ခြင်း စသည့်အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်မှ ရရှိမည့်အကျိုးကျေးဇူးများ

နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာ ရာဇဝတ်မှုများမှ လုံခြုံမှုရှိစေရန်အထောက်အကူ ပြုစေခြင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ခေတ်မီအောင် ဆောင်ရွက်ပေးနိုင် ခြင်း၊ ခေတ်မီပြီး ပိုမိုသေချာသည့် အကောက်ခွန်ထိန်းချုပ်မှုကို ပြုလုပ်နိုင်ခြင်း၊ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် အခွန်ငွေကောက်ခံနိုင်ပြီး နိုင်ငံ့အခွန်ငွေကို တိုးတက်ရရှိစေခြင်း၊ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းကို အကာအကွယ်ပေးနိုင်ခြင်း၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်နိုင်ခြင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ကျင့်သုံးဆောင်ရွက်မှု

နိုင်ငံတကာတွင် AEO Program ကို နိုင်ငံပေါင်း (၁၃၀) နိုင်ငံမှ အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပြီး နိုင်ငံပေါင်း (၂၄) နိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်ဆဲဖြစ်ကြောင် သိရသည်။

အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်း

အကောက်ခွန်ဦးစီးဌာနက AEO ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော Importer ကုမ္ပဏီတစ်ခုဖြစ်သည့် Proven Technology Industry Co.,Ltd  ကို စည်းကမ်း လိုက်နာမှုအတွက် AEO (Level-1) အဖြစ် အသိအမှတ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်းသိရသည်။